ဆောင်းရာသီမှာ နှင်းခူရောဂါ ပြန်မထကြွအောင် လုပ်ရမယ့် အချက် (၇) ချက်
နှင်းခူရောဂါဆိုတာ ဖြစ်ဖူးပြီးရင် လုံးဝအရှင်းပျောက်သွားနိုင်တဲ့ ရောဂါမဟုတ်ဘဲ အခန့်မသင့်ရင် ပြန်ပြီး ထကြွလာနိုင်တဲ့ ရောဂါပါ။ နှင်းခူရောဂါဟာ ဆောင်းတွင်းမှာ ပြန်ပြီးထကြွလာတာ သို့မဟုတ် ပိုဆိုးလာတာမျိုး အဖြစ်များပါတယ်။
ဆောင်းရာသီရဲ့ ခြောက်သွေ့တဲ့ လေအေးတွေနဲ့ အိမ်တွင်းအပူပေးစနစ်တွေကြောင့် အသားအရေက ခြောက်သွေ့နေတာ၊ ရေပူနဲ့ ရေချိုးတာ၊ အဝတ်အစားတွေ အထပ်ထပ်ဝတ်တာ၊ အိပ်ယာခင်း အထူကြီးတွေ ခင်းတာ စတဲ့အချက်တွေကြောင့် နှင်းခူရောဂါက ပြန်ပြီးထကြွလာတတ်ပါတယ်။
နှင်းခူရောဂါ ပြန်မထကြွအောင် ဘာတွေ လုပ်သင့်လဲ?
(1) ရေပူနဲ့ ရေချိုးခြင်းမှ ရှောင်ပါ
ရေပူနဲ့ ရေချိုးတာက အရေပြားကို အလွန်အမင်း ခြောက်သွေ့ပြီး ယားယံစေပါတယ်။ ရေပူသုံးမယ့်အစား ရေနွေးနွေးလေးသာ သုံးပြီး အချိန် ၅-၁၀ မိနစ်ထက် မကြာစေဘဲ ရေချိုးသင့်ပါတယ်။ ရေချိုးပြီးတဲ့အခါ တဘက်နဲ့ ပွတ်တိုက်သုတ်ခြင်းမျိုး မလုပ်ဘဲ အသာအယာသာ ဖိကပ်ပြီး သုတ်သင့်ပါတယ်။ ပွတ်တိုက်သုတ်တာက အရေပြားကို ပွန်းရာခြစ်ရာတွေ ဖြစ်စေသလို အစိုဓာတ်ကိုလည်း ခန်းခြောက်စေလို့ နှင်းခူပြန်ထကြွစေနိုင်ပါတယ်။
(2) ဆပ်ပြာ အပျော့စားကိုသာ သုံးပါ
နှင်းခူဖြစ်ဖူးသူရဲ့ အရေပြားက ထိခိုက်လွယ်တတ်လို့ ဓာတုပစ္စည်းတွေ ပါတဲ့ဆပ်ပြာအပြင်းစားတွေကို ရှောင်ရပါမယ်။ အနံ့၊ ဆိုးဆေးနဲ့ Alcohol မပါတဲ့ ဆပ်ပြာကိုသာ သုံးစွဲပါ။ ဆပ်ပြာခဲထက် ဆပ်ပြာရည်က အစိုဓာတ်ကို ပိုပြီး ထိန်းပေးနိုင်ပါတယ်။
(3) အစိုဓာတ်ထိန်းခရင်မ် (Moisturizer) များများသုံးပါ
နှင်းခူရှိရင် အရေပြားမှာ အစိုဓာတ် လုံလောက်နေဖို့ အရေးကြီးတာမို့ ရေချိုးပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ်ကို များများလိမ်းပါ။ Lotion တွေထက် Petroleum Jelly ပါတဲ့ Cream တွေက အစိုဓာတ်ပိုရစေပါတယ်။
(4) ရေများများ သောက်ပါ
အရေပြားမှာ ရေဓာတ်ပြည့်ဝနေစေဖို့ ခန္ဓာကိုယ်ကလည်း ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေနဲ့ ရေနွေးကြမ်း၊ ဖျော်ရည်၊ ကော်ဖီ စသဖြင့် အရည်စုစုပေါင်း ၈ ဖန်ခွက် သို့မဟုတ် ၃ လီတာခန့် နေ့စဥ် သောက်သင့်ပါတယ်။
(5) စိုထိုင်းမှုထိန်းစက် (Humidifier) တပ်ထားပါ
ဆောင်းရာသီမှာ အေးမြပြီး ခြောက်သွေ့တဲ့ လေတွေတိုက်တဲ့အတွက် အသားအရေက ပိုပြီး ခြောက်သွေ့နိုင်ပါတယ်။ Aircon သို့မဟုတ် အပူပေးစက် တပ်ထားတဲ့ အခန်းထဲမှာ နေရရင်လည်း အသားအရေက ခြောက်သွေ့တာမို့ လေထုထဲကို အစိုဓာတ်ထုတ်လွှတ်ပေးမယ့် စိုထိုင်းမှုထိန်းစက်ကို အခန်းထဲမှာ တပ်ထားသင့်ပါတယ်။ ဘက်တီးရီးယားနဲ့ မှိုတွေ မပေါက်ဖွားနိုင်အောင် စိုထိုင်းမှုထိန်းစက်ကို ၃ ရက်တစ်ခါ သန့်ရှင်းရေးလုပ်ဖို့တော့ လိုပါလိမ့်မယ်။
(6) ဓာတ်မတည့်စေတဲ့ အရာတွေနဲ့ ထိတွေ့ခြင်းမှ ရှောင်ပါ
သိုးမွှေး၊ နိုင်လွန်၊ စီလွန် အစရှိတဲ့ အရာတွေနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေ၊ အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးတွေက ပူပြီး ကြမ်းတမ်းတဲ့အတွက် အရေပြားကို ထိခိုက်ပြီး ယားယံတာမျိုး ဖြစ်စေနိုင်ပါတယ်။ နူးညံ့ပြီး လေဝင်လေထွက်ကောင်းတဲ့၊ ပူတဲ့ရာသီမှာ အေးမြပြီး အေးတဲ့ရာသီမှာ နွေးထွေးစေတဲ့ ချည်ထည်များကိုသာ အသုံးပြုပါ။ အဝတ်အစားများကို အထပ်ထပ် ဝတ်ဆင်ခြင်းမျိုးမှလည်း ရှောင်ကြဥ်ပါ။
(7) ဗိုက်တာမင်ဒီ ဖြည့်စွက်စာ သောက်သုံးပါ
သုတေသနတွေအရ ဗိုက်တာမင်ဒီဟာ ဆောင်းရာသီမှာ နှင်းခူထကြွခြင်းကို နည်းစေပြီး နှင်းခူရောဂါလက္ခဏာတွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ဗိုက်တာမင်ဒီကို ဖြည့်စွက်စာ အနေနဲ့ သောက်သုံးခြင်း
ဖြစ်စေ၊ နံနက်ခင်း (၁၀ နာရီမတိုင်ခင်) နေရောင်ခြည်ကို ခံယူခြင်းဖြစ်စေ၊ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားသောက်ခြင်းဖြင့် ဖြစ်စေ ရယူနိုင်ပါတယ်။
ဒီအချက်တွေကို ဂရုစိုက်ရင် ဆောင်းရာသီမှာ နှင်းခူပြန်ထကြွမှာကို စိုးရိမ်စရာ မလိုဘဲ စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်